Friday, September 5, 2008

ထုံးစံအတိုင်း

တလောကတော့ ခဏတစ်ဖြုတ် ကျယ်ကျယ်လောင်လောင်လေးကို ကြားသိလိုက်ရပါတယ်။ GSM ချပေးတော့မယ် ဆိုလား။ အနော်တို့ ကလေးမြို့ မှာပေါ့။ ကိုယ့်တွက်ကိန်းနဲ့ကိုယ်တော့ OK ပေါ့။ ဒီတစ်ခါတော့ ခံနိုင်ရိုးလား။ ဆော်ကြည်ပြီပေါ့။ တွေ့ကရာလူကိုလိုက်ပြီး ဒီသတင်းလေး ပါးစပ်အရသာခံ လိုက်ဖွ။ ဘယ်လို model နဲ့ဆို ဘယ်လိုကောင်းမှာ။ ဟို Samsung brand ကသိပ်မမိုက်ဘူး။ Nokia N73 [Music] ဖြစ်ဖြစ်၊ N82 လေးဖြစ်ဖြစ် ၀ယ်ကိုင်မှ မိုက်မှာပေါ့။ အပတ်တိုင်း Internet Journal ၀ယ်ဖတ်ပြီး Mobile phone သတင်းလေး စောင့်စောင့်ဖတ်ရတာလည်း အမော။ ဒီတစ်ခါတော့ လူတောတိုးပြီ..ပေါ့။ ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ...ထုံးစံအတိုင်းပါပဲ။ ကောလဟာလ ဟာ ကောလဟာလ ပါပဲ။ လတွေသာပြောင်းပြောင်းသွားတယ် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဖြစ်လာရအောင်ကလည်း တရားဝင် ရမယ်လို့ ကြေညာထားတာလည်း မဟုတ်ပဲလေ။ အီဖေကိုယ်ကိုက ကဲတာ။

အဲဒီတော့...လတ်တလော ခေတ်စားနေတဲ့ Meter Box ဖက်စိတ်လည်ရပြန်တာပေါ့။ သူသူကိုယ်ကိုယ် ရနေ၊ တပ်နေကြတာဆိုတော့ ကိုယ်လည်း ရတုန်းလေးတော့ ယူထားချင်တာပေါ့ (ကိုယ့်မှာ ရှိထားပြီးတာကိုတော့ ပြောမနေတော့ပါဘူး)။ အဲလိုနဲ့ ဈေးနှုန်းတွေလိုက်စုံစမ်း ၅ ပုံးလောက်နဲ့ဆို နာမည်ပေါက် တပ်ပြီး အပြီးအစီး...ဘယ်နှလုံးလဲ? ရှယ်ပြီပေါ့။ ဒိအရင်ကဆို အပြင်ဈေး (ပွဲစားဈေး) ၈ ပုံး၊ ၈ ပုံးခွဲလောက်ပေါက်တာ။ ဆိုတော့ တစ်ခြား ဟိုအလုပ် ဒီအလုပ်တွေနဲ့လုံးလည်လိုက်နေပြီးတော့ ... ကဲ...လျှောက်လိုက်ဦးမှ .. ဆိုတော့... "ဆရာ.. ၃ ပုံးခွဲနဲ့ရမယ်" ဆိုလာပြန်ရော။ သေချာတယ်နော်.... ကတိတွေ ဘာတွေ အထပ်ထပ်တောင်းပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ စရံနည်းနည်း ပေးလိုက်တယ်။ ၂ လအတွင်း လုံးဝ sure ဆိုပဲ။ အပေါင်းအသင်း မိတ်ဆွေတွေကိုတောင် လိုက်စပ်ပေးလိုက်ရသေးတယ်။ တပ်ပြီးရင် VIP ဘယ်လိုဆွဲမယ်။ ၂၄ နာရီဆွဲပြီးရင် ဘယ်သူ့ကိုတော့ဖြင့် တစ်လဘယ်လောက်နဲ့ မီးပေး စားမယ်။ စိတ်ကူးနဲ့တော့ ဟုတ်နေတာပဲ။ မီတာပွဲစား၊ ၂၄ နာရီပွဲစားတွေကလည်း ပွစိတက်နေတာပဲကိုး။ RK ပဲလေ... အရေးကြီးတာက..ဘယ်သူတွေဘာပြောပြော။ ဒါမပါလာရင် sorry ပဲ။ Church သော၊ ဘုန်းကြီးကျောင်းသော၊ ဆေးခန်းသော နားမလည်ဘူး... ပဲ။ ဒါက..နောက်ဆက်တွဲ လိုက်ပွဲတွေပေါ့။

ဒီလိုနဲ့ စားဝတ်နေရေးအတွက် လုံးပန်းလိုက်။ လူမှုရေးတွေမှာ လိုက်ပါပေးလိုက်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချန်းမှာ အပန်းဖြေစားသောက်လိုက်နဲ့ ၇ လလောက်ရှိတော့...အသိတစ်ယောက်က .. ဘယ်လိုလဲ ကိုယ်တို့ မီတာအကြောင်းလေး...။ ၆ လကျော် ၇ လလောက်တောင်ရှိရော့မယ်... ဘာသတင်းမှလည်း မသိရသေးပါလား... ဆိုတော့မှ အူယားဖားယား ကိုယ့်လူဆီ အခြေအနေလေးသိရအောင် လိုက်မေးရတော့တယ်။ ထုံးစံအတိုင်းပေါ့ဗျာ... သိတယ်မို့လား .. ဟိုဟာကြောင့်.. ဒီဟာကြောင့် ဆိုတာတွေနဲ့ပဲ သြော်...ဟုတ်လား... လိုက်နေရတော့တာ။ ကိုယ်လည်း သူ့ယုံလို့လုပ်တဲ့ဟာကို.. ဘာတတ်နိုင်မှာမို့လဲ။ စောင့်နေရုံပ။ ဘယ်သူတွေက ဘယ်လိုရလို့ ဘယ်မှာတပ်နေကြပြီ.. ဟုတ်မှလည်း လုပ်ကြဦး ဆိုတဲ့ မယုံသင်္ကာနံ့သဲ့သဲ့နဲ့ ပြောသံတွေ စကြားနေရပြီ။ အားလုံးအရင်းစစ်တော့ OK သွားပြီပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ကအားလုံး လိုက်လုပ်လိုက်ရတာလည်း မပြောလို့မဖြစ်သေးဘူး။ လွယ်ချင်လို့ ပွဲစားနဲ့အပ်ပါတယ်။ ပွဲစားက ကိုယ့်ပြန်ခိုင်းသွားတာ... အားလုံး ကိုယ့်အမှားတွေပါ။ အစကတော့ ကိုယ်တို့ကပဲ အခွင့်ထူးရတာလိုလိုနဲ့ ဟိုတစ်ယောက်လည်းရ၊ ဒီတစ်ယောက်လည်းရနဲ့ တစ်ရပ်ကွက်လုံးလိုလို ရကြတာကိုပဲ မသက်မသာ မုဒိတာပွားလိုက်ရပါတယ်။ တစ်မြို့ လုံး မီးတွေနဲ့တထိန်ထိန်ပေါ့ ဒီအလုံးရေနဲ့ဆိုရင်။ လောလောဆယ် ဇီးချောင်း စက်(၁)လုံးကတော့ ပျက်နေတာ ကြာပေါ့။ အဲဒီအချိန်တုန်းကကို ပြောတာပါ။ အခုလည်း.... အင်း ပျက်နေဆဲပါပဲ။

ပြောရင်း...အဲ.. ရေးရင်း ရေးရင်း ခေါင်းစဉ်နဲ့ စာကိုယ် နည်းနည်းလွဲလာနေသလိုပဲ။ အင်းပေါ့လေ... လွဲလွဲလေးပဲ ကောင်းပါတယ်။

No comments: