Sunday, September 14, 2008

အလွဲများစွာအတွက် မွေးဖွားလာခဲ့သူ (သို့မဟုတ်) လူပျိုသိုးကိုကို

အချစ်ရဲ့အစ ပထမတန်းကလပ် ပွဲစဉ်တွေကတည်းက တန်းဆင်းဇုံနဲ့ မိတ်ဖွဲ့၊ အီစီကလီကွင်းထဲမှာ ဘေးထွက်ဘော ခဏခဏဖြစ် [ဘောင်းဘီတိုလို့လေ...အဲ ဟုတ်ပေါင်]၊ နှလုံးသား 1st line up မှာ အရန်လူ…၊ သူများ တိုက်စစ်မှူးတွေရဲ့ လူကျွံဘောတွေ ပိုက်ဘောတွေကို သွားရည် တမြားမြားနဲ့ ငေးကြည့်နေရ….၊ ပရီးမီးယား သမီးရည်းစားလိဂ်မှာ ဗိုလ်မစွဲဖူးသေး… ၊ ရင်ခုန်သံ ချန်ပီယံလိဂ်ဖလားဆို ဝေးရော…၊ လူပျိုကြီးယူနိုက်တက်မှာ ၀ါအရင့်ဆုံး တိုက်စစ်မှူး..။ ဒါပေသည့် သွင်းဂိုး ဇီးရိုး..။ တစ်ခါတစ်လေ ကန်ရတဲ့ပွဲမှာ ကိုယ့်ကိုလူစားလဲရင် တစ်ဖက်အသင်းက စပါယ်ရှယ်ဝမ်းနည်း….။

အသည်းကွဲမက်ဒရစ် အသင်းကြီးကတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးအဖြစ် PLAY BOY မဂ္ဂဇင်း သုံးအုပ်နဲ့ ကမ်းလှမ်းထားပေမယ့် အချစ်စီးတီးအသင်းမှာ လစာမဲ့ပဲဖြစ်ဖြစ် အငှားကစားချင်သူ…။ ချစ်သူကို ကျီးကန်းတောင်းမှောက် ရှာလွန်းအားကြီးတဲ့ မျက်လုံးကြီးတွေကြောင့် လီဗာပြူးကို ပြောင်းပါလားလို့ အကြံပေး တစ်ချို့ တော့ ရှိပါရဲ့။ ဒိုလေးလို အပျိုလေးတွေက အပီလာရောမယ် ထင်ထားပေမယ့် သူတို့အမြင်မှာ ကိုယ်က အဒီဘာယော…။ သံယောဇဉ်မီလန်ကို ခြေကန်ခဲ့ရတာလည်း ဥပေက္ခာ FIFA ရဲ့ စည်းကမ်းချက်နဲ့ မကိုက်လို့ပါကွယ်။ အားလုံးက နောက်ဆုံးသေချာရောက်မယ် ထင်တဲ့ကလပ်က အရူးကာဆယ်… ဟင့်!..။

အကြင်နာနဲ့ မေတ္တာကန်ချက်တွေကလည်း အမုန်းဒိုင်လူကြီးရဲ့ အလွမ်းအဆွေးကဒ်တွေကြားမှာ ခြေမပေါ်နိုင်ခဲ့.. [ပေါ်တဲ့အရာကတော့ ပုံတွင် ရှု]။ တစ်ဖက်သတ်အချစ်ကြောင့် ပေးရတဲ့ပြစ်ဒဏ်ဘောတွေ စီတန်းနေလို့ ဇီဒန်းကတောင် ဒယ်ဒီခေါ်ရ..။ အောင်သွယ်တော် အခွင့်အလမ်းနဲ့ ပင်နယ်တီကံစမ်းပွဲမှာလည်း ဂေါ်မစွံတိုင်ထိပေါင်း များလှပေါ့..။ ပေါက်ကွဲလုမတတ် ရင်ဘတ်က ခံစားချက်တွေ ကစားကွက်ဆင်သော်ငြားလည်း ဖူးစာခံစစ်ကို မထိုးဖောက်နိုင်…။

ရင်ခွင်နန်းတော် ဘောလုံးရာသီမှာ အချစ်ဆိုတဲ့ဖလားကြီး ကိုင်မြှောက်နိုင်ဖို့က နှာအဲလက်စ် ဖာကြူဆန်၊ ဖင်နီတက်၊ စအိုလာရီ၊ ပေါ်ရင်ညို၊ တဏှာဆင်ဝင်းဂါးတို့လို မစွမ်းတဲ့မြှားနတ်မောင် မန်နေဂျာကြောင့်များလားကွယ်…။ ဘာပဲဖြစ်ဖြစ်လေ ပုသိမ်အသင်း .. အဲ.. စပိန်အသင်းတောင်မှ နှစ်လေးဆယ်ကျော် ဝေးကွာနေတဲ့ ဥရောပဖလားကြီးကို သိမ်းပိုက်နိုင်သေးတာပဲ… ငါလည်း နောက် နှစ်လေးဆယ်ကျော်လောက်ဆိုရင်.. ဆိုရင်.. ဟိုက်.. သေပြီဆရာ…။

နောက်ခံတေး…. “ပင်လယ်ကြီး ကိုယ်ဖြတ်သန်း အလယ်မှာ ရေနစ်နေ… တောင်စွယ်များ ၀ိုင်းကာ ကာရန်ထား လမ်းတစ်ဝက် ခြေသလုံးကျွတ်တက်… အမုန်းပဲ အချစ်လေးရေ တစ်ယောက်ထဲ မသေချင်ဘူး ငှက်ပျောတုံးဝေ အရှည်လေးပေ…”

[ကာယကံရှင် လူပျိုသိုးကိုကို၏ ရင်တွင်းဖြစ်များကို ၅ ကြိုးသမား (၄ ကြိုးရောင်းလိုက်ပြီ) Tattoo ကိုယ်တော်မှ ဆီလျော်စွာ ပုံဖော်သွန်းလောင်းထားပါသည်။]

Saturday, September 13, 2008

ဘာဘူးတို့ရွာ Episode-1

'အေး... မင်းတို့ နောက်တစ်ခါ အဲလိုပဲ စာမကျက်လာလို့ကတော့ အခါ ၃၀ ဒိုက်ထိုးရမယ်မှတ်....'

လွန်ခဲ့သော နှစ် (၂၀) ကျော်လောက်က Limkhai (လိမ်ခိုင်) ဟု ခေါ်တွင်သော ဆီးယင်းရွာလေးတစ်ရွာမှ စာသင်ကျောင်းတွင် စာပြပေးနေသော ကျောင်းဆရာမှ မိမိကျောင်းသားများကို ဆုံးမသွန်သင်နေခြင်းပဲ ဖြစ်တယ်။

'မြဲမြဲမှတ်ထား... ဒီတစ်ခါတော့ ရှိစေတော့... နောက်အခါကျရင်တော့ လုံးဝခွင့်မလွတ်တော့ဘူး... ကြားတယ်နော်... အားလုံး' .... ကျောင်းသားများမှလည်း ကြောက်ကြောက်လန့်လန့်နဲ့ 'ဟုတ်ကဲ့... ကြားပါတယ်ဆရာ'... ကျောင်းဆရာလေးမှာ သူ့လုပ်ရပ်အတွက် သူ့ကိုယ်သူကျေနပ်ပီတိဖြစ်ပြီး အတန်းလွှတ်လိုက်ပါတယ်။ သူ့ကျောင်းသားများခမျာမှာလည်း ထိုနေ့မှစ၍ နေ့စဉ်အလုပ်တစ်ခု တိုးလာခဲ့ရပါတော့တယ်။ နေ့စဉ် ဒိုက်ထိုးကျင့်ရသည့် အလုပ်ဖြစ်ပါတယ်။ ကျောင်းဆရာလေးပါ ရောယောင်ပြီး ဒိုက်ထိုး ကျင့်လိုက်ရသေး... ဆိုလားပဲ.. ။

အချိန်။ ။၂၀၀၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ ညနေ ၅း၀၀ နာရီအချိန်
နေရာ။ ။ရန်ကုန်တက္ကသိုလ်ဆေးရုံ၊ ပင်မတက္ကသိုလ်၊ ရန်ကုန်။

ဘယ်လိုနည်းနဲ့ ၁၀ တန်းအောင်လာခဲ့လည်း မသိ... ရန်ကုန်တက္ကသိုလ်ကြီးဆီကို အဆင့်မြင့်ပညာများ သင်ယူဖို့ဆိုပြီး ရွာကကျောင်းသား နှစ်ယောက် ဖိနပ်မပါ၊ နက်တိုင်လည်ဆွဲနဲ့ မော်မော်ကြွားကြွား RC II က တောင်ငူဆောင်သို့ ရောက်ချလာပါတယ် [၎င်းတို့၏ University Life အဖြစ်အပျက်များကို နောင်များမှ အချက်အလက် စုံလင်စွာဖြင့် စုဆောင်းဝေမျှပါမယ်... မျှော်...]။ အဲဒီအချိန်က Kalay University အုတ်မြစ်တောင် မချရသေးဘူး... ထင်တာပဲ။ ဒီလိုနဲ့ တက္ကသိုလ်ပညာကြီး သင်လာလိုက်တာ ဒုတိယနှစ်ရောက်မှ တစ်ယောက်သော ကျောင်းသားမှာ အပျင်းဖျားပြီး... အဲလေ.. အပြင်းဖျားပြီး တက္ကသိုလ်ဆေးရုံကို ရောက်ပါလေရော။ ဆိုတော့ကာ... ကျန်တစ်ယောက်က သွားသွားပြီး ကြည့်ရှုစောင့်ရှောက်ရပြီလေ။ ရန်ကုန်မြို့ပေါ်ကြီးမှာ ရွာကဆိုလို့ ဒီရွာသား (၂) ဦးပဲရှိတာ။ မနက် တစ်ခါ၊ နေ့လည် တစ်ခါ၊ ညနေ တစ်ခါ၊ ညကျတော့ အစောင့်အိပ်ပေးလိုက်သေး။ အဲလိုဆိုတော့ ဆေးရုံက တာဝန်ကျ ဆရာ၊ ဆရာမတွေနဲ့ ဆေးရုံအုပ်ကြီးတို့က သတိထားမိပြီပေါ့။ တစ်နေ့တော့ Round လှည့်ရင်း ဒီရွာသားတွေနားလည်း ရောက်ရော.. ဆရာဝန်ကြီးက ဒီနှစ်ယောက်ကို ချီးကျူးစကား ဆိုတယ်ဗျ။ တောင်ပေါ်သားတွေ တစ်ဦးပေါ်တစ်ဦး ကူညီယိုင်းပင်းမှု အပြည့်ရှိတယ်။ ဒီခေတ်ကြီးမှာ တွေ့ရခဲလှတဲ့ဓလေ့ပေါ့ ... ဆိုပြီး ဒီနှစ်ယောက် အနေခက်အောင်ကို ချီးမွမ်းလိုက်ကြတာ... အိမ်လိုက်ပြီး ထင်းပဲခွဲပေးရတော့မလိုလို...။ ပြီးတော့ ဆရာဝန်ကြီးက သိချင်တာလေးတစ်ခုကို မေးတယ်.. 'မင်းတို့နှစ်ယောက်က ဘာတော်လဲ' ဆိုပြီးတော့ပေါ့... အဲဒီမှာ စောင့်အိပ်ပေးတဲ့ ပညာတတ်ကျောင်းသားကြီးက အဲလိုဖြေတယ်ဗျ... 'သူကသင်္ချာတော်တယ်... ကျွန်တော်က သမိုင်းတော်တယ်' ဆိုပဲ... ။ အဲလိုပဲဗျ သူတို့ရွာသားတွေက ရောက်လေရာတိုင်းမှာ လူသိများ ကျော်ကြားကြတယ်။

နောက်ရွာသားတစ်ယောက် အကြောင်းလေးလည်း အကြောင်းသင့်တုန်း ကြွားလိုက်ရဦးမယ်...။
ဒီလို... ဒီလို...။ သူလည်းပဲ တက္ကသိုလ်ကျောင်းတော်ကြီးကနေ စာမေးပွဲဖြေပြီးလို့ မွေးရပ်ဇာတိကို ကျောင်းသားကတ်ပြပြီး အတွင်းဈေးနဲ့ဝယ်ထားတဲ့ ရန်ကုန်-မန္တလေး ရထားလက်မှတ်လေးနဲ့ ညရထားစီးပြီး အပေါင်းအသင်းတစ်ချို့နဲ့အတူ ပြန်တော်ပြန်လာခဲ့ပါတယ်။ တစ်ညလုံး ဟိုလှိမ့် ဒီလှိမ့်နဲ့ Jogging အပြေး ကျင့်နေရသလို ရထားစီးလာခဲ့ရပါတယ်။ သိတယ်မို့လား... ရထားစီးခရီးသည်တိုင်း ကြုံတွေ့နေကျ .. မြို့တစ်မြို့ ဖြတ်လိုက်ပြီဟေ့ ဆိုရင် ခုန်ပျံကျော်လွှား ပျံကျအရောင်းသမားလေးတွေ ရထားပေါ်ကို တရုတ်သိုင်းကားများလိုပဲ ကိုယ်ဖေါ့ပညာစွမ်းတွေနဲ့ တဖွဲဖွဲ ရောက်လာကြတာလေ... ။ အဲဒီမှာ တစ်ယောက်က လက်တစ်ဖက် တစ်ချက်ဆီမှာ ဆေးလိပ်ဗူးလေးကိုင်ရင်း 'ဒူးယားလား... ခပေါင်းလား... ဒူးယားလား... ခပေါင်း...' ဆိုပြီး အခေါက်ခေါက် အခါခါဖြတ်လျှောက်ပြီး လိုက်အော်နေပါတယ်။ တစ်ခါလည်းမဟုတ်... နှစ်ခါလည်းမဟုတ် ... အိပ်ရေးပျက်ရတဲ့အထဲ ကိုယ့်ဘေးနား လာလာပြီး အော်အော်နေတော့ ပုဂ္ဂိုလ်လေးလည်း ဒေါခီးပြီပေါ့... 'ဟေ့ ချာတိတ်.. လာဦး' ဆိုတော့.. ဟိုက ၀မ်းသာအားရ အပြေးတစ်ပိုင်း ရောက်ချလာတာပေါ့ ... 'ဘယ်ဟာလဲ အစ်ကို' ပေါ့... ပုဂ္ဂိုလ်က 'မင်းလက်နှစ်ဖက်လုံး ပြစမ်း' ဆိုပြီး သေသေချာချာကို တစ်ခုစီလက်ညှိုးထိုးပြီး 'ဒီဟာက ဒူးယား... ဒီဥစ္စာက ခပေါင်း ... လူကိုများ ဘာမှတ်နေသလဲ... RC 2 မှာ ကျောင်းတက်လာတဲ့ ရန်ကုန်ပြန်ကွ.. မသိဘူးများ မှတ်နေလား... တော်တော်စော်ကားတယ်' ဆိုပဲဗျ... ။ ဒူးယားနဲ့ ခပေါင်းကို တိတိကျကျပဲ အမျိုးအမည် ခွဲပေးလိုက်ပါတယ်။ ဆေးလိပ်ရောင်းတဲ့ကောင်လေးမှာတော့ မကြုံစဖူး၊ အကြုံထူးတဲ့ အဲဒီနေ့၊ အဲဒီအချိန်ကို အတိတ်ယူပြီး နှစ်လုံးထိုးလိုက်တာ စုထားသမျှ ကုန်ပါလေရောလား .... ။

သို့ကလို လက်ရှိအခြေအနေကို အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဆုံးဖြတ်ချက်တွေကို တစ်စက္ကန့်လေးမှ တွေဝေနှောင့်နှေးခြင်းမရှိ... လက်တွေ့ကျကျ တိကျစွာဆုံးဖြတ်နိုင်စွမ်းတဲ့ အနာဂတ်ရဲ့သားကောင်းများထဲမှ တမူထူးခြားပြီး ကမ္ဘာကျော်သွားသူ တစ်ဦးကတော့ ဇာတ်လိုက်ကျော်ကြီး 'ပေါင်ကြားပျော် BaBu' ဆိုသူပဲ ဖြစ်ပါတော့တယ်။

[ဆက်ပါဦးမယ်.....]

Thursday, September 11, 2008

လူပျိုသိုးကြီးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်


[နိဒါန်း]
လပြည့်ည...
လပြည့်ညဆိုမှတော့ လ၀န်းကြီးဟာ လုံးဝန်းနေရမှာပေါ့။
လပြည့်ညမှာ လမင်းကြီးဟာ လုံးဝန်းမနေပါဘူးလို့ အဘယ်သူက ငြင်းနိုင်အံ့နည်း။
တစ်ယောက်သောသူ ကိုယ့်အဖို့တော့ လမင်းကြီးဟာ လုံးဝန်းမနေပါဘူး.... တိမ်ညိုတွေဖုံးလို့... လကြတ်တဲ့ညတွေဆက်လို့... ငါ့ဘ၀မှာ ကနေ့အထိ လမင်းကြီးဟာ လုံးဝန်းမနေနိုင်သေးပါဘူး...


[အခန်း ၁]
"ပန်းတစ်ပွင့် တွေ့တဲ့အခါ မခူးနဲ့၊ ဆက်လျှောက်ပါ... ဥယျာဉ်ကြီးတွေ့လိမ့်မယ်" တဲ့။ တောက်! ဒီအဆို မိန့်ခဲ့တဲ့သူကို အရှင်လတ်လတ် အရေခွံခွာပြီး မသေမချင်း သားရေကွင်းနဲ့ ပစ်သတ်ချင်နေမိတော့တယ်။ တကယ်ပဲ.. ဘယ့်နဲ့ဗျာ ... သူများတွေတော့ မသိဘူး... ကိုယ့်အတွက်တော့ ဥယျာဉ်ကြီးဆီရောက်ဖို့ ခြေအညောင်းခံ အပင်ပန်းခံလို့ လွှတ်ဝေးနေလိုက်တာ... အဲဒီအဆိုကို လိုက်နာခဲ့မိတာ နောင်တရမိလေခြင်း.. မထိ မတို့ဘဲ မျက်နှာလွဲ ကျောခိုင်းထားခဲ့တဲ့ ပန်းပွင့်ပေါင်းက မရေမတွက်အောင်ပင် များပြားလှပေါ့။ နှမြောမိသေးရဲ့... ဂလု...။

[အခန်း ၂]
နီကိုရဲစတိုင်အပြည့်နဲ့ ဗာဒံသီးမျက်လုံးပိုင်ရှင်... အလကားရတဲ့ PSI ဦးထုပ်လေးဆောင်းပြီး ဘာလုပ်မှန်းမသိ အမြဲအလုပ်ရှုပ်နေတတ်တဲ့သူ... လူရှေ့ကျပြုံးပြုံးနဲ့ တစ်ကော်လံအပိုင်စားရထားတဲ့ Hriatna Robawm ကနေ ၀င်ဝင်ပညာစွမ်းပြတတ်သူ ... ၅း၀၀ နာရီ ဘောလုံးပွဲတစ်ပွဲဟာ သူမပါရင် ဖြစ်မလာနိုင်ဘူးလို့ ခံယူထားတဲ့သူ.. ၆း၀၀ ကျော် အနံ့ပေါင်းစုံကြားက အနံ့ဖျောက်ပြီး အိနြေ္ဒမပျက်နေနိုင်သူ... သို့ကလို ကျော်ကြားမှုပေါင်း များစွာနဲ့လူ... အဲလေ... ကိုယ်လိုလူလည်း လရောင်ဆမ်းတဲ့ ပျားရည်ညလေးတွေကို မြိန်မြိန်ရှက်ရှက်ကြီး ခံစားကြည့်ချင်သေးတာပေါ့ဗျာ.. ။

[အခန်း ၃]
ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား
ငံပြာရည်ဖြစ်ရင်လည်း တစ်ပုလင်းထဲမှာ အတူပျော်ဝင်ဖို့အတွက်..
အဖော်မွန်နံရိုးလေးရေ...
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်.. အဲလေ.. တာဟန်းမှာ မြင်းမမွေးကြတော့ မွေးထားတဲ့ ၀က်ခြံမကျန်ပေါ့.. လိုက်လို့ရှာသော်လည်း... ရွှေပြည်တော် မျှော်တိုင်းဝေး နေဆဲ...
မြန်မာအားကစား ကမ္ဘာကိုလွမ်းပြီပေါ့ကွယ်... သွပ်.. သွပ်.. သွပ်..။
ဘာမှတော့မဆိုင်ဘူး... ဝေလေးပလာတာနဲ့ ဇိုးဒီကွန်ပျူတာလိုပေါ့။
ဘာပဲဖြစ်ဖြစ် ဖွင့်လက်စနဲ့ ဖွင့်မယ့်ဖွင့်တော့ ဘောင်းဘီဇစ်ပါမကျန် ဖွင့်ရတော့မှာပဲ... (ရင်ဖွင့်တာကို ပြောပါတယ်)။

လူလူသူသူ ဆိုရလောက်အောင် အနုပညာသန္မေလေးလည်း မဆင်းရဲပါဘူး။ လက်ရှိ နာမည်ကျော် ဂီတာသမား ဆံရှည်တွေထက်လည်း အောက်မကျပါဘူး... ရပ်ကွက်ပွဲလေးတွေမှာဆိုလည်း မခေပါကြောင်း ၄ ကြိုးထုံးဂီတာကြီးနဲ့ မဏ္ဍပ်တိုင်တောင် တက်ပြလိုက်သေး... ဟေး.. ဟေး... ။

သို့ပေမယ့်ပေါ့လေ... ပါရမီလေးက နုံချာရှာတော့ သူတို့လိုတော့ ဆော်မကြည်ဘူးပေါ့.. ဆိုးလှတဲ့ကံရယ်..
တစ်ချို့ကပြောတယ်.. "လူပျို အပျိုဟိုင်းကြီးဆိုတာ ရှေးဟောင်းပစ္စည်းမို့ ဈေးကောင်းအားကြီးတဲ့အခါ စားသုံးသူအဖို့ လက်လှမ်းမမီနိုင်ဘူး" တဲ့။ အဲလိုတော့လည်း ထန်းပင်လုံးနဲ့ မရမ်းကြပါနဲ့ဗျာ။ ကိုယ့်အားနည်းချက် လူသတိထားမိမှာစိုးလို့ အလုပ်ကိုပဲ cover ယူပြီး မေ့ချင်ယောင်ဆောင်နေရတာ။ အမှန်ပြောကြေး ဆိုရကြေးဆို လိုချင်လှပြီဗျ... ဟီး.. ။

လောလောဆယ်တော့ ဇာတ်နာကျပုံ ကမ်းကုန်ရစ်တာကြောင့်၊ လမ်းဆုံက ဂျမ်းဘုံဆိုလည်း 'အာမင်' ရမယ့်ဘ၀မှာ ဘုရားကိုယ်တော် မပေါ့နဲ့နော်.. ကယ်ပါဦးဗျ.. ချစ်သားတပည့်ကို။ ရွှေရတုက မျက်စပစ်နေတဲ့ ဘ၀ဇာတ်လမ်း သမိုင်းမှတ်တမ်းကို ကျွန်းလေးနောက်ခံ ရိုက်လိုက်ရရင်တော့ Hello Mawite၊ Minuamsa Babuu အပြင်းစားရိုက်ချက်နဲ့ သားသားရုပ်ထွက် စုတ်ပြတ်ပြီပေါ့....။

[အခန်း ၄]
မ၀ံ့မရဲ ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့... Wesley Clinic က Staff မမတွေနဲ့ WY က အချို့သော မမတွေကြောင့် ချောက်ထဲကျမယ့်ဆဲဆဲ စိတ်ဓာတ်ယဲ့ယဲ့ကလေးကို အချိန်မှီကလေး ဆယ်တင်ပြီး၊ ငါလိုလူမျိုး ငါတစ်ယောက်တည်း မဟုတ်သေးပါကလား... ဆိုတဲ့ ဖြေတွေးလေးနဲ့ နှစ်သိမ့်လိုက်ရပါတယ်။ အဲလိုနဲ့ စိတ်ဓာတ်တွေကို အမြင့်ဆုံးသို့ ရွက်လွှင့်ခဲ့ပါတယ်။ ကိုယ့်ဝမ်းကိုယ့်နာ ကိုယ်သာသိသလို တိုင်းတစ်ပါးရောက် အမျိုးကောင်းသားများရဲ့ လောဘတကြီး အလိုက်မသိ ငဲ့ညှာရကောင်းမှန်းမသိဘဲ ဖွထဲ့လိုက်တဲ့ နောက်ဆုံးပေါ် ပါဆယ်ရောဂါကြီးက Flashy Virus လိုပဲ အမျိုးသမီးငယ်ငယ် မမတို့ရဲ့စိတ်ကူးယဉ်ကမ္ဘာကြီးကို သိမ်းပိုက်လိုက်နိုင်ပါပေတယ်။ အရှုံးသမားကြီးရဲ့ အရှိုက်ကို Hatrick ထိစေတဲ့ ထိချက်တွေပေါ့ဗျာ။

[နိဂုံး]
ပါဆယ်ဆိုလို့ ကျားရယ် မရယ် ခွဲခြားမနေဘဲ ညစ်ထေးဟောင်းနွမ်းနေတဲ့ အယူအဆတွေကို ဘာလင်တံတိုင်းကြီးဖြိုချသလို ဖြိုချစွန့်ခွာလို့ နိုင်ငံခြားရောက် ညီမလေးများအတွက် ပါဆယ်ပါရမီ အဖြည့်ခံဖို့ မပျက်စီးသေးတဲ့ အမှန်အကန် ရယ်ဒီမိတ်လေး ပါကင်ပိတ်နဲ့ အသင့်ရှိနေပါတယ်... ဆိုတဲ့အကြောင်း ....

ကိုယ်တိုင် ကိုယ်ကျ Gtalk လေးထဲ Invite လုပ်လိုက်ပါ.. ညစဉ် ညတိုင်း TSO က Net Cafe ဆိုင်မှာ ည ၉း၀၀ မှသည် Ready Standby ရှိနေမယ့်အကြောင်း... ဟိုင်းကြီးကျွန်းက မျှော်လင့်ခြင်းကွင်းပြင်ကြီးရဲ့ ရည်းစားဦးဇာတ်လမ်းကို အိပ်မက်ကဗျာရွတ်ရင်း အပြာရောင်အချစ်ည ဖန်ဆင်းဖို့ ခုနှစ်ထွေအကနဲ့ အခမ်းနားဆုံး စောင့်စားနေမှာပဲလို့ ဖွင့်ဟ၀န်ခံရင်း......

[တိုက်ဆိုင်မှုရှိလျှင် ခွေးလွှတ်ပါ... အဲ... ခွင့်လွှတ်ပါ လို့.. ဟဲ.. ဟဲ]

Tuesday, September 9, 2008

သံစုံများနဲ့ ကျွန်တော်တို့ရပ်ကွက် (ရပ်ကွက်ထဲမှာဗျာ-၂)

မိန်းမအလွန်ချစ်သူ (၁)
'မအေ**... ငါ့အိမ်မှာ ငါအော်တာ ဘယ်သူ့ သောက်ဂရုစိုက်ရမှာတုန်း'
အေးချမ်းငြိမ်သက်နေတဲ့ ညအခါသမယကို အထက်ပါ သံစဉ်ကြီးက ဖျက်ဆီးလိုက်ပါတယ်။
'ငါ့မိန်းမ ငါပဲ ဆဲမယ်၊ ဘယ်သူမှ ဆဲစရာမလိုဘူး ... '
ရော်... ခက်တော့ ခက်နေပြီ။ ဘယ်သူကများဆဲလို့ မကျေမနပ်ဖြစ်နေလဲ မသိဘူး။
'သောက်ကောင်မ... ဟင်း... ကတုံးမ... နင့်ကိုငါယူတာ ကံကောင်းတယ် မှတ်'
ဘယ့်နှယ်.. သူ့မိန်းမ ဘယ်တုန်းက ကတုံးတုံးလိုက်ပါလိမ့်။ ညနေစောင်းကြီးကပဲ ရေမိုးချိုးပြီးစ ဖြီးလိမ်းပြင်ဆင်လို့ပဲ သူ့ဆိုင် မီးခြစ်သွားဝယ်တုန်း တွေ့လိုက်ပါသေးတယ်။
'*သယ်မ.. အလကားပေးလို့တောင် ဘယ်သူမှမကြိုက်တဲ့ အပျက်မ...'
အင်း... ဘယ်သူမှမကြိုက်တဲ့ဟာကြီးကိုမှ သူကကြိုက်ရှာတာကိုး... သူ့ထိုက်နဲ့သူ့ကံပ။
အဲလိုနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး နောင်ဂျိန်ကြလေသတည်းပေါ့။ မိန်းမက ရှေ့ကပြေး၊ ယောက်ျားက လိုက်ကလိုက်နဲ့ ကြက်မနဲ့ကြက်ဖ ချစ်တမ်းကစားတာ ကျနေတာပဲ။
'ဒီကောင်မကို သတ်မယ်... ပြန်လာရဲ .. လာကြည့်..ဟင်း ဟင်း အကြောင်းသိစေရမယ်'
အကြောင်းမသိလို့ဘဲ ယူထားကြတာလိုလို... အဲလိုနဲ့ မိနစ် ၄၅ မိနစ်စာဇာတ်လမ်းတိုလေး တစ်စခန်းရပ်ခဲ့ရတာပေါ့။ ရံဖန်ရံခါ ညစ်ညူးနေတဲ့စိတ်တွေ လန်းဆန်းသွားအောင်၊ တင်းကျပ်နေတဲ့အာရုံတွေ ပြေလျော့သွားအောင် သို့ကလို အသံဗလံလေးများနဲ့ ဖြော်ဖြေတင်ဆက်ပေးတဲ့ ပွဲလေးတွေကိုလည်း မလွတ်တမ်းပေါ့ခင်ဗျာ။ နိုင်ငံခြားအရက်လည်းရောင်းတဲ့ ပေါက်စီလင်မယားရဲ့ 'အချစ်ကြမ်းကြမ်း အာရမ်းရမ်း' ဇာတ်လမ်းတွဲလေးတွေပဲပေါ့။ စောင့်ကြည့်ရတဲ့ တာဟန်း (A) Group ရဲ့ အသည်းစွဲပဲလေ။ အဲ... ကြော်ငြာဝင်ပြီး နောက်တစ်ရက် နောက်တစ်ပိုင်း ထပ်ဆက်လာပါတယ်...။ ဘာတဲ့.... ရပ်ကွက်ထဲက မနေနိုင် မထိုင်နိုင် တစ်ဖက်သားကို အလွန်အင်မတန်မှ ကူညီချင်တဲ့ ဂရုဏာတော်ရှင်ကြီးရဲ့ ဦးဆောင်မှုနဲ့ ရပ်ကွက်ထဲက အိမ်ရှင်မများက နောက်တစ်နေ့မှာ ကတုံးမကို... အဲ ဟုတ်ပါဘူး... ပေါက်စီမကြီးကို အိမ်ပြန်ပို့ကြပါတယ်။ အဲဒီမှာ ညကပဲ လေတစ်လုံး မိုးတစ်လုံး ကြုံးဝါးထားတဲ့ ပေါက်ဖော်ကြီးဟာ လာရောက်ပို့ပေးသူ ကျေးဇူးရှင်များကို Sparkling၊ Orange အချိုရည်ပုလင်းတွေ ဖေါက်ပေးပြီး ၀မ်းသာအယ်လဲ ဧည့်ခံကျွေးမွေးတာကို အံ့သြဘနန်း ကြုံလိုက်ရပြန်တာမို့.... ပွဲကြည့်သူ ပရိသတ်များခမျာမှာလည်း မျက်စိ ပေကလပ် ပေကလပ်နဲ့ပဲ .... ။

မိန်းမအလွန်ချစ်သူ (၂)
၈၀ ခုနှစ်အစောပိုင်းကတည်းက ဖြစ်တည်လာခဲ့တဲ့ တာဟန်းရပ်ကွက်က တစ်ခုတည်းသော ပေါက်ဖော်စားသောက်ဆိုင်ကြီးရဲ့ လက်ရှိ Boss ကြီးဟာလည်းပဲ မခေဘူး ဆိုပဲဗျ။ တစ်ခါဗျာ... ကြုံတုန်း.. သူ့အတင်းလေး ဖေါက်လိုက်ဦးမယ်... ။ Senior ပေါက်ဖော်ကြီးဆုံးသွားတော့ Junior ဖြစ်တဲ့ အဆိုပါပုဂ္ဂိုလ်ကြီးဟာ ... မှတ်မှတ်ရရ ခရစ္စမတ်နှင့် New Year ကြားက Premier League ပွဲ ၂ ပွဲ ၃ ပွဲကို ညဥ့်နက်သည်အထိ U Hngaka၊ ဆရာဘကြူး၊ Pu Siama၊ ကိုကျော်မိုး (မှတ်မိသလောက်) တို့နဲ့အတူ မျက်စောင်းထိုးကအိမ်မှာ နှစ်သစ်ကူးကိုကြိုရင်း ကြည့်ဖြစ်ကြပါတယ် (အဲဒီညက ရှယ်မီးလာပါတယ်)။ ကြည့်ဆို ၀ါသနာပါလွန်းလို့တော့ မထင်လေနဲ့ ... ကြေးထပ်ထားတာ များနေလို့ ... အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရတာပါ။ အားလပ်ချိန်ခဏနားတဲ့ကြားချိန်လေးမှာ နှစ်သစ်ကူးအကြို ကြက် ၂ ကောင်နဲ့ချက်ထားတဲ့ ကြက်သားဆန်ပြုတ်ကြီးကို ငရုတ်သီးစပ်စပ်ကလေးနဲ့ တပျော်တပါး ၀ိုင်းဝန်းပြီး ဖြိုကြတာပေါ့ခင်ဗျာ။

တကယ်ပြောချင်တာက.. အဲဒီမှာပါ။ ကိစ္စ..၀စ္စတွေပြီး အားလုံးသိမ်းပြီး အိပ်ယာဝင်တဲ့အချိန်ကျတော့မှ မောင်မင်းကြီးသားခင်မျာ ဗိုက်ကရစ်ပါလေရော။ သူ့ခင်ဗျာ Digene တွေ၊ လျှက်ဆားတွေနဲ့ အောင့်အီးပြီး တင်းခံနေပါသေးတယ်။ နောက်ဆုံးတော့ မရတော့ဘူးဗျ။ သူ့မဒမ်ကို အတင်းနှိုးပြီး လိုက်ပို့ခိုင်းရပါသော်ကော.. အိမ်သာကို....။ သူ့မိန်းမခင်ဗျာ တဗျစ်တောက်တောက်နဲ့ အိမ်သာရှေ့ငုတ်တုတ် ထိုင်စောင့်လိုက်ရပါတယ်.. ထိုတစ်ည၀ယ်ပေါ့။ အကြောင်းရင်းကို စစ်လိုက်တော့ Senior ကြီးဆုံးသွားတာ တစ်ပတ်သာသာပဲ ရှိသေးတော့ သရဲခြောက်မှာ ကြောက်လို့တဲ့ဗျား...။ သတ္တိကတော့ ရှယ်ပဲ။ သူက သူ့မိန်းမကို လုံးဝ လုံးဝမကြောက်ပါဘူး... အဲ.. သူ့မိန်းမကတော့ သူ့ကိုသာပြီးတော့တောင် မကြောက်သေးတယ်။ တစ်ခါလား... လင်မယားချင်း ချစ်တမ်းကစားရင်းက နည်းနည်း over ဖြစ်သွားတယ်ထင်တယ်... မိန်းမက တွေ့ကရာခဲနဲ့ ကောက်ထုပစ်တာ မျက်ခုံးကွဲပြီး Bethany ဆေးခန်းမှာ သုံးချက်တောင်ချုပ်လိုက်ရသေးတော့ ဆိုလားပဲ။ သူကတော့ပြောပါတယ်... 'ငါမရှောင်ရင် လွတ်တယ်' တဲ့။ တွတ်ပီထုံး နှလုံးမူနိုင်သေးတာပဲ တော်တော့တယ်။ .. သူလည်းပဲ တစ်ရက်ကလေး သူ့အိမ်မီးမလင်းလိုက်နဲ့ သူ့မဒမ်မျက်စောင်းကို မခံနိုင်ဘူး။ ချက်ချင်း ၂၄ နာရီလိုင်း ရတဲ့အိမ်တွေ ပိုက်စိတ်တိုက်လှည့်ပတ် ကြည့်တော့တာပဲ။ အားလုံးလည်း မလာဘူးဆိုမှ စိတ်ချလက်ချနဲ့ ပြန်လာပြီး မိန်းမကို တိကျသေချာတဲ့အဖြေကို ပေးရတာပါ။ တစ်အိမ်လောက်လင်းတာကို မြင်လာလို့ကတော့ တာဝန်ကျ Line Man ကို မတွေ့မချင်းလိုက်ရှာပြီး တဂျီဂျီနဲ့ လိုက်ဂျီကန်နေတော့တာပဲ။ မိန်းမငြိုငြင်တာ မခံနိုင်ဘူးလေ။ ပြောရင်းဆိုရင်း မီးဖက်ရောက်လာပြန်ပြီ။ ဒီဘူတာပဲ ဆိုက်ဆိုက်နေရတာပဲ။ (သူ့)မိန်းမကို ချစ်တဲ့အကြောင်း ပြောချင်တာပါ။

မိန်းမအလွန်ချစ်သူ (၃)
ကြုံကြိုက်တုန်း သတိရတာလေး ဖောက်သည်ချလိုက်ပါရစေဦးတော့... ။ တစ်လောလေးကပဲ အမေ့ကျေးဇူးကြောင့် မမြင်ဖူးဘဲ ဖူးစာဆုံလို့ မိန်းမရလိုက်တဲ့ အသိတစ်ယောက်အကြောင်းလေး...။
တစ်ရက်မှာ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက် စီးပွားရှာဖို့ ရွာကနေ သနားကမားရုပ်ကလေးနဲ့ ချောချောလှလှ ကောင်းမလေးတစ်ယောက် ကလေးမြို့ကို ရောက်လာပါတယ်။ တည်းအိမ်မှာ သောင်တင်နေတုန်း ကောင်မလေးရဲ့ ယောက္ခမဖြစ်မယ့် အဆိုပါပုဂ္ဂိုလ်လေးရဲ့အမေကြီးက အဲဒီအိမ်ကို အလည်ရောက်လာပါရော။ ကောင်မလေးကိုတွေ့တော့ (တွေ့တော့ လို့သာပြောရတယ် အမေကြီးခမျာ နေ့ခင်းကြောင်တောင်မှာ လူလုံးတောင် သိပ်ကွဲချင်တာ မဟုတ်ဘူး) သဘောကျသွားတယ်။ တစ်ခါတည်း မစွံနိုင်တဲ့ ကိုယ့်အားကိုယ်ကိုးကြီး သားတော်မောင်အတွက် Intro ၀င်ပေးလိုက်တယ်။ သကောင့်သားကလည်း မမြင်ခင်မှာတော့ အင်တင်တင်ပေါ့။ တွေ့လည်းတွေ့ရော ချက်ချင်းကို တောင်းခိုင်းတော့တာပဲ။ အတိုချုံးလိုက်တော့ ထိမ်းမြားမင်္ဂလာပေါ့။ အဲလိုနဲ့ အိမ်ထောင်ကျပြီးတစ်နေ့မှာ ကိုယ်တို့ဆီ အသစ်ကျပ်ချွတ် အိမ်သူလေးနဲ့ ဆွေပြ မယားပြ လာရောက် အလည်အပတ်ပြုလာပါတယ်။ ဧည့်ခန်းမှာပဲထိုင်ပြီး အလာပ၊ သလာပတွေပြောရင်းပေါ့။ အဲဒီအချိန်မှာပဲ အတွင်းဖက်အခန်းမှာ (အိမ်မကြီးအခန်းနဲ့ တစ်ဆက်တည်း) ManU- Liverpool ပွဲကောင်းနေချိန်ဆိုတော့ ကာလသားများအပြည့်ပေါ့။ အဲဒီအချိန်ပေါ့ခင်ဗျာ... အဲဒီအချိန်လေးမှာပေါ့.. ကောင်မလေးက ဆီးသွားချင်ကြောင်း ကိုရွှေယောက်ျားဆီ သံတော်ဦးတင်ပါတယ်။ အဲဒီမှာ ကောင်လေးခဗျာ ဒုက္ခရောက်ရပြီ။ နောက်ဖေးသွားချင်ရင် အဲဒီအခန်းကို ဖြတ်သွားရမယ်။ အဲဒီလိုဖြတ်သွားရင် ကာလသားများက ၀ိုင်းပြီးကြည့်ကြတော့မယ်.... သူ့ရဲ့ မယား အချောအလှ မဟေသီလေးကို...။ အဲလိုတော့ အဖြစ်မခံနိုင်ဘူး။ တစ်မျိုးကြံစမ်း.... အိမ်ဘေးလမ်းကြားထဲမှာပဲ ကိစ္စရှင်းလိုက်ရင်ကော... မဖြစ်သေးဘူး... မတော်.. ဆိုင်ကယ်မီးရောင်ကြီးနဲ့ တန်းတိုးနေရင်။ အိမ်ဖက်ပဲ လှည့်ပြန်ရရင် ဆိုပြန်တော့ ရောက်တာဖြင့် စကားတောင် မစိုသေးဘူး။ အဲလို အပူလုံးကြွပြီးသကာလ နောက်ဆုံး မှောင်နဲ့မည်းမည်း အိမ်မကြီးကိုပတ်ပြီး သရဲမကြောက်၊ တစ္ဆေမကြောက် နောက်ဖေးအရောက် သူကိုယ်တိုင်ပဲ စောင့်ကြပ်လိုက်ပို့ပြီး ဖြေရှင်းလိုက်ပါတယ် ဆိုတာကိုပါ နောင်လာနောက်သားများ အတုယူလိုလျှင် ယူနိုင်စေရန်အလို့ငှါ ဝေမျှလိုက်ပါတယ်။ နောက်မှသိရတာ .. သူ့မဒမ်ကို အပြောလေးက
'မရဘူး... ယောက်ျားများတယ်' ဆိုပဲ။

ကျွန်တော်တို့ရပ်ကွက်ထဲက အဖြစ်ကလေးတွေပါ...။

တာဟန်းဖြစ် Mizo မဂ္ဂဇင်း လွမ်းချင်း

တာဟန်း လူငယ်တစ်ချို့ က Mizo ဘာသာနဲ့ မဂ္ဂဇင်းလေးတစ်အုပ်ကို လွန်ခဲ့သော (၁) နှစ်ကျော်လောက်က အသက်သွင်း ပုံဖော်ခဲ့ကြပါတယ်။ CHHAKTIANG AINAWN ဆိုတဲ့ ရသစုံမဂ္ဂဇင်းလေးပါ။ ဘယ်အသင်းတော်၊ ဘယ်အသင်းအဖွဲ့၊ ဘယ်စေတနာရှင်ကိုမှ ခေါင်းမကိုက်၊ စိတ်မရှုပ်၊ မျက်နှာမပျက်စေပဲ မိမိအိတ်ကပ်ထဲမှစိုက်ထုတ်ပြီး ‘ထွက်ခဲ့ဖူးပါသည်’ ရှိအောင် အားထုတ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ အပြင်အဆင် Layout Design နဲ့ မဂ္ဂဇင်း Quality မနိမ့်ကျစေဘဲ သမ္ဘာရှိပြီး စာရေးဆရာများ၊ ဆောင်းပါးဆရာများရဲ့  ဘ၀၊ ဒသန၊ အမြင်များကို ခမ်းနားစွာ တန်ဆာဆင်ထားပြီး၊ အဆင့်အတန်းရှိ မဂ္ဂဇင်းများရဲ့ အင်္ဂါရပ်များနဲ့အညီ ၀င့်ဝင့်ကြွားကြွား ထွက်ရှိခဲ့ပါတယ်။ ၄ လတစ်ကြိမ်တန်သည်၊ ၆ လတစ်ကြိမ်တန်သည် ထုတ်နိုင်ကောင်းရဲ့လို့ အားခဲပြီး အစပျိုးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အတိုချုံးပြောရရင် တာဟန်း လူငယ်၊ လူကြီး အလွှာအသီးသီးကြားမှာ မျက်နှာပန်းပွင့်ခဲ့တဲ့ မဂ္ဂဇင်းတစ်စောင်အဖြစ် အောင်အောင်မြင်မြင် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ နောက်ကွယ်မှ လုံ့လစိုက်ထုတ် ကြိုးစားခဲ့သူများရဲ့ပီတိကို စာဖတ်သူ တော်တော်များများက သတိထားမိလိမ့်မယ်လို့တောင် မထင်ပါဘူး။ စာဖတ်သူပရိသတ်များဆီက တုံ့ပြန်သံများကိုကြားသိရတာ အလွန်ပဲအားရ ကျေနပ်စရာကောင်းလှပါဘိ။

အဲဒီနောက် Volume 2 ထုတ်နိုင်ဖို့ လိုအပ်တဲ့ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ၀တ္ထုတို၊ အင်တာဗျူး၊ သိမှတ်ဖွယ်ရာ၊ ဂီတအနုပညာသတင်းများနဲ့ Quiz များကို ဆက်လက်စုဆောင်းရပြန်တယ်။ လိုလိုလားလားနဲ့ ပါဝင်ရေးသားပေးကြတဲ့ ကလောင်ရှင်များရဲ့ စာမူများဟာလည်း မကြာခင်မှာပဲ Layout ချထားပြီး Color Separation နှင့် Offset တင်ဖို့အဆင့်ထိ ရောက်ခဲ့ပါတယ်။ လွန်ခဲ့သော ၆ လ၊ ၇ လ လောက်ကဖြစ်ပါတယ်။ ဖြစ်ချင်တော့ တစ်ပိုင်တစ်နိုင် ပါဝင်ပံ့ပိုးပေးကြသူများ အားလုံးဟာလည်း တာဝန်ကိုယ်စီ၊ လုပ်ငန်းကိုယ်စီနဲ့ မအားမလပ်နိုင်အောင် အချိန်မပေးနိုင်၊ လှည့်မကြည့်နိုင် ဖြစ်နေရတဲ့အပြင် အဲဒီအချိန်ကလည်း (မှတ်မိသလောက်) ငွေဈေးတက်၊ ပစ္စည်းဈေးတက်နဲ့ ကိုယ့်အပူ၊ ကိုယ့်အိုးနဲ့ကိုယ် လုံးပန်းနေကြရတဲ့ အချိန်လည်းဖြစ်နေတော့ ဘယ်သူမှ မဂ္ဂဇင်းကိစ္စကို ဂရုမစိုက်အားကြဘူးလေ။ တစ်ဆက်တည်း တစ်ပြည်လုံးမှာ ဟိုကိစ္စဖြစ်လာ၊ ဒီကိစ္စဖြစ်လာနဲ့ ၀ရုန်းသုန်းကားဖြစ်လာပြန်တော့ မဂ္ဂဇင်း ထွက်လာရေးဟာ နောက်ဖက်ကို ရောက်သွားရပြန်တယ်။ အဲလိုအားနည်းချက် အဆင်မပြေချက် အကြောင်းကြောင်းတွေကြောင့် Volume 2 ထွက်လာရေးဟာ ဒီကနေ့အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ကွန်ပျူတာထဲက Folder တစ်ခုအောက်မှာ ငြိမ်သက်စွာပဲ လဲလျောင်းနေခဲ့ရပါတယ်။

ဒါပေမယ့်… မကြာမီ တစ်နေ့မှာ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ဓနအင်အား၊ လုပ်အား အင်အားများ တစ်ဖန်ပြည့်ဝလာပြီး အင်အားသစ်နဲ့ ပြန်လည်ထွက်ရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း….

[မဖတ်လိုက်ရလို့ ဖတ်ကြည့်ချင်သူများအတွက် ထွက်ရှိခဲ့ပြီးသော Volume 1 ကို Download link မှတစ်ဆင့် ဆွဲယူဖတ်ရှုနိုင်ပါသည်။]

Saturday, September 6, 2008

၅း၀၀ နာရီဂီတ

ညနေ ၅ နာရီလည်းထိုးတော့မယ်။ ဒီအချိန်ကလေးဟာ တစ်ယောက်ချင်းစီအတွက် သူ့ဟာနဲ့သူ အလွန်မှအရေးပါတဲ့ အချိန်ကလေးပဲဖြစ်ပါတယ်။ ယေဘုယျပြောကြေးဆိုရင် အလုပ်သိမ်းချိန်၊ ဆိုင်သိမ်းချိန်၊ အားလုံးနားတဲ့အချိန်ပေါ့လေ။

အဲဒီအချိန်လေးပဲပေါ့...အချို့သောလူပုဂိုလ်များအတွက် သာပြီးတောင်လေးနက်ချင်သေးတော့။ ဟော... ကြက်တောင်ရိုက်ထွက်လာတဲ့သူနဲ့...၊ တစ်ချို့ကျတော့ ကျောမှာ တင်းနစ်ဘက်တံလေးလွယ်ပြီး စတိုင်ကျကျဗျ။ Pu Awia လိုလူမျိုးကျတော့လည်း ချက်ပြီး ပြုတ်ပြီး ဝေယျာဝစ အ၀၀ကို အမြန်လက်စသတ်နေရတဲ့အချိန်ပဲပေါ့ခင်ဗျာ။ နောက်ကျလို့မဖြစ်ဘူး..ပေါ့။ U Mawite [Hello] လူမျိုးကျတော့ တစ်မျိုး ... စိတ်ပြေနပြေပဲ အေးအေးဆေးဆေး ဆိုင်သိမ်းနေပြီ (မိန်းမကို ချစ်လို့ပေါ့... သူ့အပြောအရ)။ သူ့ကျတော့ ဘာမှထူးပြီးလုပ်စရာမှမရှိတော့တာ ... သူ့ဗွီဒီယို Capture လုပ်ဖို့က ညမှလေ (ရှယ်မီးလာခဲ့ရင်ပေါ့)။ ကျွန်တော်တို့ရဲ့ ရှိမဲ့စုမဲ့ ရံဖန်ရံခါ ၀က်သားလိုက်စပ်တတ်တဲ့ အဆိုတော်ကြီးကျပြန်တော့ Ronaldinho လိုလိုစတိုင်ဖမ်းပြီး TIT ကွင်းဆီသို့ပေါ့။ ... ဟို ဘောလုံးဂုရု နည်းပြကြီး Pu Changliana ကျပြန်တော့ Man-U အိင်္ကျီဝတ်စုံပြည့်နဲ့ ချီတက်နေလောက်ပြီ။ ဒီတစ်ယောက်ကိုလည်း ချန်ထားလို့တော့မဖြစ်ချေဘူး... အရဲစွန့်ပြီး မိုက်မိုက်ကန်းကန်း ဟားခါးမဒီလေးကို မျက်စိမှိတ် ဇွတ်အရယူထားတဲ့ မောင်ဆဲနာ [Sena] ပေါ့ဗျာ။ သူ့ကျတော့ အိမ်အပြန်လှအောင် သဘောလောက်လေး ဘောလုံးထိရုံဆို လုံလောက်ပြီဆိုတဲ့ အစားထဲကပေါ့ (နမူနာယူကြပါကုန်)။ ဒါပြီးတော့ ဘော်ဒါတွေကိုတောင်မှ အားနားပါးနာ မစောင့်နိုင်တော့ရှာပဲ ပြေးပြီပေါ့ဗျာ။ သူ့ကျတော့ ဆိုင်သိပ်မရွေးပါဘူး။ ခဏဆိုပြီး Show တီးဖို့ရောက်လာပြီး တာဟန်းမှာ ယောင်ချာချာနဲ့ အုပ်ထိန်းသူပျောက်နေတဲ့ တစ်ယောက်လည်းပဲ Bass မတီးရဘဲ ရပ်ကွက်လက်ရွေးစင်ထဲရောက်လုနီးပြီ။ ဒါပေသိ လူမစုံတဲ့အသင်းဆိုတော့ ပြိုင်ဘက်အသင်းကိုရွေးနေရတဲ့ဘ၀။ လူမစုံဆို တိုက်စစ်မှူး နယ်ခံ Drogba နှင့် အမှန်အကန်ဂိုးပေါက်ကိုကာကွယ်ရင်း အလုံးဘယ်လောက်ဝင်ဝင် အပြုံးမပျက် စတိုင်မပျက်တဲ့ ဆော်မကြည်တကြည် U Mawite အိမ်နားက တစ်ယောက်.... ပေါင်း (၂) ယောက်သာ မပါဝင်နိုင်တာကလွဲရင် အရံအင်အားတောင့်တင်းမှု အပြည့်ရှိတဲ့ အသင်းပါ။ သူတို့ပါလို့လည်း နိုင်တယ်လို့တော့မဟုတ်ပေမယ့် သူတို့ဥပဓိရုပ်နှင့် မှင်မောင်းနဲ့ကျတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် အသင်းသားတွေ အားတော့ရှိတယ် ဆိုပဲ။ First Line up မှာမပါနိုင်ပေမယ့် (တကယ်တော့ အမောမခံနိုင်လို့.. လို့ပဲထင်ပါတယ်) နေရာမရွေးကစားနိုင်တဲ့ အရံအင်အား တစ်ချို့ကိုလည်းကြည့်ဦး .... မနက်ထချိန် အတည်မထားတတ်တဲ့ ဆာဘွဲ့ရ Zama ဗျာ။ TV အောက်ဆက်ပြင်ဆိုင်ဖွင့်ထားပြီး အမြဲဆိုင်မှာမရှိတတ်တဲ့ Bawla ဗျာ။ ရက်ချိန်းပေးပြီး မေ့ချင်ယောင်ဆောင်တတ်တဲ့ ခဏတစ်ဖြုတ် Pathlawi ကြီး Lawmsanga ဗျာ။ မမြှောက်ပေးရဘဲနဲ့ ကောက်ခါငင်ခါ မိန်းမရသွားတဲ့ Bass သမားလေး Siama ဗျာ။ သူ့အကဆို လူတိုင်းရင်ကို ထိတယ်ဗျာ။ တစ်ခါတစ်ရံ အငှားနဲ့ဝင်ကစားတတ်တဲ့ အနောက်ရပ်ကွက်က Khe ကြီးတို့အုပ်စု ဆိုရင်လည်း အင်္ဂါရုပ်နဲ့တင် ပြိုင်ဘက်အသင်းတိုင်းကို ဖြုံစေတယ်။ အဲလို အဖက်ဖက်ကတောင့်တင်းတဲ့ သံစဉ်နောက်ကျအသင်းကြီးဟာ အခုဆိုရင် ပြိုင်ဘက်အသင်းတိုင်းကို ကြောက်နေရပြီ။ လုံးဝမဖြစ်သင့်တဲ့ အဖြစ်ဆိုးကြီးပါ။ တစ်ခြားအသင်းတွေသာ အသင်းတိုင်းနဲ့ မကန်ဖူးရင်သာရှိမယ်... ဒီဂီတအသင်းကတော့ ရှိသမျှအသင်းတိုင်းနဲ့ ခြေသွေး ခြေစမ်း မကန်ဖူးတာမရှိသလောက်ပဲ... ပြောသံကြားရတာပဲ။ ကန်တိုင်းလည်း မျက်နှာငယ်ငယ်နဲ့ ရှုံးရတယ်လို့တော့ မရှိပါဘူး။ သိတယ်မို့လား ရုပ်တွေက။ စာမေးပွဲသာ အကျခံမယ်... စတိုင်ကတော့ လုံးဝ Sorry ပဲ.. ဆိုတာမျိုး။ Professional ဘောလုံးသမားတွေမှ မဟုတ်တာဗျာ... နော့..။ အကြောင်းသိတဲ့သူတိုင်းကတော့ အဲလိုရလဒ်မျိုးကို နားလည်လက်ခံပေးတယ်။ ပျော်စရာတောင် ကောင်းသေး။ ကောင်းမှာပေါ့ ပွဲပြီးတာနဲ့ ... ဟို ဈေးအနောက်ပေါက်ဖက်က Lead ဂီတာတီးတဲ့ ပုဂိုလ်ကျော်လိုလူမျိုးကျတော့ (သူ့အကြောင်း အလျဉ်းသင့်လျှင် ရေးပါဦးမယ်။) အကြောဖြေ အချဉ်ပြေ New Eden ဖက်ခြေဦးလှည့်ပြီးသားပဲ။ Bass တီးတဲ့ ဟိုဧည့်သည် ကိုယ်တော်လေးလည်း ဘယ်နေမလဲ.. အတူလိုက်တာပေါ့။ မိန်းမခရီးထွက်ချိန်နဲ့ကြုံရင် Ronaldinho လည်း ပါတတ်သေး ဆိုပဲဗျ။ အမောဖြေ အပန်းဖြေကြတာလေ။ မိနစ် ၃၀ လုံးလုံး ကွင်းထဲမှာ မနားတမ်း လှည့်ပတ်ဘောလုံးနောက်လိုက်နေရတာ မမော ဘယ်ခံနိုင်မတုန်း။ အဲလို ငြိမ့်နေဆဲမှာပဲ နေကာမျက်မှန်နက်ကြီးတပ်ပြီး ညနေစောင်းကြီးမှာ ဆိုင်ကယ် ကိုယ်စီနဲ့ တာဟန်းလူငယ်များရဲ့ မရှိမဖြစ် ကိုယ်တော်ချောကြီး (၃) ဦး လမ်းကြားထဲက ချိုးကွေ့ထွက်လာတာကိုပါ တွေ့လိုက်ရပါတယ်။ ဆောင်းနှောင်းကာလ ညနေခင်းဆည်းဆာရဲ့ သရုပ်သကန်ကို မခိုင်းမစေရဘဲ လက်တွေ့ကျကျ ပုံဖော်အရောင်တင်ပေးနေကြတာ အားရစရာ ကောင်းလှပါတယ်။ တစ်ခြား အလုပ်ချိန်တွေသာ ပျက်ကွက်ရင် ပျက်ကွက်မယ်... ညနေချိန်ကတော့ ၉၀% attendance ပဲဗျ။ အဲလောက်ထိ အလေးအနက်ထားတာ။ တစ်ခါတစ်လေများဆို... အံမယ်.. ခွေးတစ်ကောင်ကို ဂိုးတိုင်မှာချည်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလေးတောင် လုပ်ပေးလိုက်သေးတယ်။ သဘောပေါက်.... ။ အဲလိုပွဲမျိုးဆို Zodi အနောက်က သွားစိုက်တဲ့ဆရာလေးက ဦးဆောင်တတ်တယ်။ အဲလိုနေ့မျိုးဆို ပိုပြီး လူစည်တယ်ဗျ။ ပျော်ပျော်ပါးပါးနဲ့ ညနေ ၅း၀၀ ရဲ့ စာမျက်နှာများစွာထဲမှ တစ်ခုသော အဖြစ်ကလေးအကြောင်းကို တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်.....

Friday, September 5, 2008

ထုံးစံအတိုင်း

တလောကတော့ ခဏတစ်ဖြုတ် ကျယ်ကျယ်လောင်လောင်လေးကို ကြားသိလိုက်ရပါတယ်။ GSM ချပေးတော့မယ် ဆိုလား။ အနော်တို့ ကလေးမြို့ မှာပေါ့။ ကိုယ့်တွက်ကိန်းနဲ့ကိုယ်တော့ OK ပေါ့။ ဒီတစ်ခါတော့ ခံနိုင်ရိုးလား။ ဆော်ကြည်ပြီပေါ့။ တွေ့ကရာလူကိုလိုက်ပြီး ဒီသတင်းလေး ပါးစပ်အရသာခံ လိုက်ဖွ။ ဘယ်လို model နဲ့ဆို ဘယ်လိုကောင်းမှာ။ ဟို Samsung brand ကသိပ်မမိုက်ဘူး။ Nokia N73 [Music] ဖြစ်ဖြစ်၊ N82 လေးဖြစ်ဖြစ် ၀ယ်ကိုင်မှ မိုက်မှာပေါ့။ အပတ်တိုင်း Internet Journal ၀ယ်ဖတ်ပြီး Mobile phone သတင်းလေး စောင့်စောင့်ဖတ်ရတာလည်း အမော။ ဒီတစ်ခါတော့ လူတောတိုးပြီ..ပေါ့။ ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ...ထုံးစံအတိုင်းပါပဲ။ ကောလဟာလ ဟာ ကောလဟာလ ပါပဲ။ လတွေသာပြောင်းပြောင်းသွားတယ် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဖြစ်လာရအောင်ကလည်း တရားဝင် ရမယ်လို့ ကြေညာထားတာလည်း မဟုတ်ပဲလေ။ အီဖေကိုယ်ကိုက ကဲတာ။

အဲဒီတော့...လတ်တလော ခေတ်စားနေတဲ့ Meter Box ဖက်စိတ်လည်ရပြန်တာပေါ့။ သူသူကိုယ်ကိုယ် ရနေ၊ တပ်နေကြတာဆိုတော့ ကိုယ်လည်း ရတုန်းလေးတော့ ယူထားချင်တာပေါ့ (ကိုယ့်မှာ ရှိထားပြီးတာကိုတော့ ပြောမနေတော့ပါဘူး)။ အဲလိုနဲ့ ဈေးနှုန်းတွေလိုက်စုံစမ်း ၅ ပုံးလောက်နဲ့ဆို နာမည်ပေါက် တပ်ပြီး အပြီးအစီး...ဘယ်နှလုံးလဲ? ရှယ်ပြီပေါ့။ ဒိအရင်ကဆို အပြင်ဈေး (ပွဲစားဈေး) ၈ ပုံး၊ ၈ ပုံးခွဲလောက်ပေါက်တာ။ ဆိုတော့ တစ်ခြား ဟိုအလုပ် ဒီအလုပ်တွေနဲ့လုံးလည်လိုက်နေပြီးတော့ ... ကဲ...လျှောက်လိုက်ဦးမှ .. ဆိုတော့... "ဆရာ.. ၃ ပုံးခွဲနဲ့ရမယ်" ဆိုလာပြန်ရော။ သေချာတယ်နော်.... ကတိတွေ ဘာတွေ အထပ်ထပ်တောင်းပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ စရံနည်းနည်း ပေးလိုက်တယ်။ ၂ လအတွင်း လုံးဝ sure ဆိုပဲ။ အပေါင်းအသင်း မိတ်ဆွေတွေကိုတောင် လိုက်စပ်ပေးလိုက်ရသေးတယ်။ တပ်ပြီးရင် VIP ဘယ်လိုဆွဲမယ်။ ၂၄ နာရီဆွဲပြီးရင် ဘယ်သူ့ကိုတော့ဖြင့် တစ်လဘယ်လောက်နဲ့ မီးပေး စားမယ်။ စိတ်ကူးနဲ့တော့ ဟုတ်နေတာပဲ။ မီတာပွဲစား၊ ၂၄ နာရီပွဲစားတွေကလည်း ပွစိတက်နေတာပဲကိုး။ RK ပဲလေ... အရေးကြီးတာက..ဘယ်သူတွေဘာပြောပြော။ ဒါမပါလာရင် sorry ပဲ။ Church သော၊ ဘုန်းကြီးကျောင်းသော၊ ဆေးခန်းသော နားမလည်ဘူး... ပဲ။ ဒါက..နောက်ဆက်တွဲ လိုက်ပွဲတွေပေါ့။

ဒီလိုနဲ့ စားဝတ်နေရေးအတွက် လုံးပန်းလိုက်။ လူမှုရေးတွေမှာ လိုက်ပါပေးလိုက်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချန်းမှာ အပန်းဖြေစားသောက်လိုက်နဲ့ ၇ လလောက်ရှိတော့...အသိတစ်ယောက်က .. ဘယ်လိုလဲ ကိုယ်တို့ မီတာအကြောင်းလေး...။ ၆ လကျော် ၇ လလောက်တောင်ရှိရော့မယ်... ဘာသတင်းမှလည်း မသိရသေးပါလား... ဆိုတော့မှ အူယားဖားယား ကိုယ့်လူဆီ အခြေအနေလေးသိရအောင် လိုက်မေးရတော့တယ်။ ထုံးစံအတိုင်းပေါ့ဗျာ... သိတယ်မို့လား .. ဟိုဟာကြောင့်.. ဒီဟာကြောင့် ဆိုတာတွေနဲ့ပဲ သြော်...ဟုတ်လား... လိုက်နေရတော့တာ။ ကိုယ်လည်း သူ့ယုံလို့လုပ်တဲ့ဟာကို.. ဘာတတ်နိုင်မှာမို့လဲ။ စောင့်နေရုံပ။ ဘယ်သူတွေက ဘယ်လိုရလို့ ဘယ်မှာတပ်နေကြပြီ.. ဟုတ်မှလည်း လုပ်ကြဦး ဆိုတဲ့ မယုံသင်္ကာနံ့သဲ့သဲ့နဲ့ ပြောသံတွေ စကြားနေရပြီ။ အားလုံးအရင်းစစ်တော့ OK သွားပြီပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ကအားလုံး လိုက်လုပ်လိုက်ရတာလည်း မပြောလို့မဖြစ်သေးဘူး။ လွယ်ချင်လို့ ပွဲစားနဲ့အပ်ပါတယ်။ ပွဲစားက ကိုယ့်ပြန်ခိုင်းသွားတာ... အားလုံး ကိုယ့်အမှားတွေပါ။ အစကတော့ ကိုယ်တို့ကပဲ အခွင့်ထူးရတာလိုလိုနဲ့ ဟိုတစ်ယောက်လည်းရ၊ ဒီတစ်ယောက်လည်းရနဲ့ တစ်ရပ်ကွက်လုံးလိုလို ရကြတာကိုပဲ မသက်မသာ မုဒိတာပွားလိုက်ရပါတယ်။ တစ်မြို့ လုံး မီးတွေနဲ့တထိန်ထိန်ပေါ့ ဒီအလုံးရေနဲ့ဆိုရင်။ လောလောဆယ် ဇီးချောင်း စက်(၁)လုံးကတော့ ပျက်နေတာ ကြာပေါ့။ အဲဒီအချိန်တုန်းကကို ပြောတာပါ။ အခုလည်း.... အင်း ပျက်နေဆဲပါပဲ။

ပြောရင်း...အဲ.. ရေးရင်း ရေးရင်း ခေါင်းစဉ်နဲ့ စာကိုယ် နည်းနည်းလွဲလာနေသလိုပဲ။ အင်းပေါ့လေ... လွဲလွဲလေးပဲ ကောင်းပါတယ်။

ဗြုတ်စဗျင်းတောင်း

တစ်ခုခုရေးမယ်ဆိုပြီး ဦးနှောက်ကို စမောင်းတယ်။ ဘာရေးရင် ကောင်းမလဲ။ ဂျူမုန်အကြောင်းပဲရေးရမလား။ ဒါမှမဟုတ် မရိုးနိုင်သေးတဲ့ အိပ်မက်စံအိမ်အကြောင်းပဲ ရေးရမလား။ ဒါမှမဟုတ် ဟာဒယရွှင်ဆေးလေးပဲ ဆော့လိုက်ရမလား။ ဆိုကြပါစို့…. ခြင်္သေ့တွေက ဘာလို့ အသားစိမ်းစားတာလဲ? ဘယ်လိုချက်ရမှန်း မသိလို့နေမှာပေါ့။ အင်း…ကိုယ်ဖတ်ပြီးသားကြီး ပြန်ရေးတော့လည်း သူလို ကိုယ်လို တော်တော်များများ သိနေလောက်ပြီ။ အသစ်ကလေး ဖန်တီးရအောင်ကလည်း ကိုယ်က ပါရမီရှင် ငပေါတစ်ယောက်မဟုတ်။ အဲ… နောက်ဆုံးထွက် နာမည်ကြီး DVD တစ်ကားလောက် ဆရာကြီးအထာဖမ်းပြီး ဝေဖန်လေကန်ရေးလုပ်ရင်ကော။ အာ… ဒါလည်း မဖြစ်သေးပါဘူး။ DVD ကြည့်မယ်လုပ်လိုက်။ မီးပျက်လိုက်.. ကြည့်ရင်းတန်းလန်း ပြတ်သွားလိုက်နဲ့ မယ်မယ်ရရကို မကြည့်ဖြစ်သေး။ ဇာတ်သိမ်းမှာ THE END ဆိုတာလောက်တော့ သိပါရဲ့။ မီးပျက်တဲ့အကြောင်း သရော်တော်တော်လုပ်ရအောင်လည်း ကာတွန်းဆရာတွေက ဦးကုန်ပြီ။ မကျန်သလောက်ပဲ။ ထပ်ရေးမယ်ဆိုလည်း ရေးစရာတွေတော့ ဇီးချောင်းကရေတွေ မကုန်ခမ်းသရွေ့ပေါ့။ အပ်ကြောင်းထပ်ရင်သာ ထပ်မယ်။ သိတယ်မို့လား။

သိပြီ။ အဆိုအမိန့်တွေအကြောင်း။ တလောက ဖတ်မိပါတယ်… ဘာတဲ့.. “သိပြီးတော့ မလုပ်သေးရင်လည်း မသိသေးတာနဲ့အတူတူပဲ”… နိပ်ဟ… သူငယ်ချင်းဖွတ်ထားတဲ့ပုလင်းကို သွားလစ်ပြီး ကစ်လိုက်ဦးမှ။ ပြီးတော့ “မှန်တယ်ဆိုတဲ့ရလဒ်အတွက် အမှားများစွာကျော်ဖြတ်ရမယ်” ဆိုပဲ။ ဒီတော့ကာ “အန်တယ် ဆိုတဲ့ရလဒ်အတွက်လည်း ပုလင်းများစွာ မျိုဆို့ရမှာပေါ့” … အင်း… ဆေးရုံနဲ့တော့ အနီးသား။ မဟုတ်သေးပါဘူး။ တက်ကျမ်းသမားတွေ ၀ိုင်းပြီး အာဘွားမပေးခင် Channel ချိန်းမှ…။

ဒီတစ်ခါ…ဗဟုသုတပိုင်းဘက် လှည့်ရင်ကော.. ဝေလာဝေး။ ဘယ်သူ ဘာသိချင်ချင် Internet မှာ Website တွေက တစ်ပြုံတစ်ခဲကြီးဟဲ့ ငတုံးရဲ့။

ရသပိုင်းဆိုရင်ကောကွယ်… အောင်မယ်… သိုင်းဘုတ်အုပ်နှင့် Kid Zone တို့ပဲ နင်းကန်ဖတ်ပြီး လေကြီးဖင်ကျယ်။

ကျန်မာရေးကွာ… အံမာ.. ကိုယ်တောင် ရှူနာရှိုက်ကုန်း သာသာရယ်။

ဒါဖြင့် စီးပွားရေး… လွဲ။ တယ်လေ… လူမှုရေး … နိုင်ငံရေး … စစ်ရေး … ဘာသာရေး… ရေး..ရေး..ရေး…

တော်ပြီ! ဘာမှမရေးတော့ဘူးကွာ။ ကဲ… ပြတ်ကရော။