Saturday, September 13, 2008

ဘာဘူးတို့ရွာ Episode-1

'အေး... မင်းတို့ နောက်တစ်ခါ အဲလိုပဲ စာမကျက်လာလို့ကတော့ အခါ ၃၀ ဒိုက်ထိုးရမယ်မှတ်....'

လွန်ခဲ့သော နှစ် (၂၀) ကျော်လောက်က Limkhai (လိမ်ခိုင်) ဟု ခေါ်တွင်သော ဆီးယင်းရွာလေးတစ်ရွာမှ စာသင်ကျောင်းတွင် စာပြပေးနေသော ကျောင်းဆရာမှ မိမိကျောင်းသားများကို ဆုံးမသွန်သင်နေခြင်းပဲ ဖြစ်တယ်။

'မြဲမြဲမှတ်ထား... ဒီတစ်ခါတော့ ရှိစေတော့... နောက်အခါကျရင်တော့ လုံးဝခွင့်မလွတ်တော့ဘူး... ကြားတယ်နော်... အားလုံး' .... ကျောင်းသားများမှလည်း ကြောက်ကြောက်လန့်လန့်နဲ့ 'ဟုတ်ကဲ့... ကြားပါတယ်ဆရာ'... ကျောင်းဆရာလေးမှာ သူ့လုပ်ရပ်အတွက် သူ့ကိုယ်သူကျေနပ်ပီတိဖြစ်ပြီး အတန်းလွှတ်လိုက်ပါတယ်။ သူ့ကျောင်းသားများခမျာမှာလည်း ထိုနေ့မှစ၍ နေ့စဉ်အလုပ်တစ်ခု တိုးလာခဲ့ရပါတော့တယ်။ နေ့စဉ် ဒိုက်ထိုးကျင့်ရသည့် အလုပ်ဖြစ်ပါတယ်။ ကျောင်းဆရာလေးပါ ရောယောင်ပြီး ဒိုက်ထိုး ကျင့်လိုက်ရသေး... ဆိုလားပဲ.. ။

အချိန်။ ။၂၀၀၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ ညနေ ၅း၀၀ နာရီအချိန်
နေရာ။ ။ရန်ကုန်တက္ကသိုလ်ဆေးရုံ၊ ပင်မတက္ကသိုလ်၊ ရန်ကုန်။

ဘယ်လိုနည်းနဲ့ ၁၀ တန်းအောင်လာခဲ့လည်း မသိ... ရန်ကုန်တက္ကသိုလ်ကြီးဆီကို အဆင့်မြင့်ပညာများ သင်ယူဖို့ဆိုပြီး ရွာကကျောင်းသား နှစ်ယောက် ဖိနပ်မပါ၊ နက်တိုင်လည်ဆွဲနဲ့ မော်မော်ကြွားကြွား RC II က တောင်ငူဆောင်သို့ ရောက်ချလာပါတယ် [၎င်းတို့၏ University Life အဖြစ်အပျက်များကို နောင်များမှ အချက်အလက် စုံလင်စွာဖြင့် စုဆောင်းဝေမျှပါမယ်... မျှော်...]။ အဲဒီအချိန်က Kalay University အုတ်မြစ်တောင် မချရသေးဘူး... ထင်တာပဲ။ ဒီလိုနဲ့ တက္ကသိုလ်ပညာကြီး သင်လာလိုက်တာ ဒုတိယနှစ်ရောက်မှ တစ်ယောက်သော ကျောင်းသားမှာ အပျင်းဖျားပြီး... အဲလေ.. အပြင်းဖျားပြီး တက္ကသိုလ်ဆေးရုံကို ရောက်ပါလေရော။ ဆိုတော့ကာ... ကျန်တစ်ယောက်က သွားသွားပြီး ကြည့်ရှုစောင့်ရှောက်ရပြီလေ။ ရန်ကုန်မြို့ပေါ်ကြီးမှာ ရွာကဆိုလို့ ဒီရွာသား (၂) ဦးပဲရှိတာ။ မနက် တစ်ခါ၊ နေ့လည် တစ်ခါ၊ ညနေ တစ်ခါ၊ ညကျတော့ အစောင့်အိပ်ပေးလိုက်သေး။ အဲလိုဆိုတော့ ဆေးရုံက တာဝန်ကျ ဆရာ၊ ဆရာမတွေနဲ့ ဆေးရုံအုပ်ကြီးတို့က သတိထားမိပြီပေါ့။ တစ်နေ့တော့ Round လှည့်ရင်း ဒီရွာသားတွေနားလည်း ရောက်ရော.. ဆရာဝန်ကြီးက ဒီနှစ်ယောက်ကို ချီးကျူးစကား ဆိုတယ်ဗျ။ တောင်ပေါ်သားတွေ တစ်ဦးပေါ်တစ်ဦး ကူညီယိုင်းပင်းမှု အပြည့်ရှိတယ်။ ဒီခေတ်ကြီးမှာ တွေ့ရခဲလှတဲ့ဓလေ့ပေါ့ ... ဆိုပြီး ဒီနှစ်ယောက် အနေခက်အောင်ကို ချီးမွမ်းလိုက်ကြတာ... အိမ်လိုက်ပြီး ထင်းပဲခွဲပေးရတော့မလိုလို...။ ပြီးတော့ ဆရာဝန်ကြီးက သိချင်တာလေးတစ်ခုကို မေးတယ်.. 'မင်းတို့နှစ်ယောက်က ဘာတော်လဲ' ဆိုပြီးတော့ပေါ့... အဲဒီမှာ စောင့်အိပ်ပေးတဲ့ ပညာတတ်ကျောင်းသားကြီးက အဲလိုဖြေတယ်ဗျ... 'သူကသင်္ချာတော်တယ်... ကျွန်တော်က သမိုင်းတော်တယ်' ဆိုပဲ... ။ အဲလိုပဲဗျ သူတို့ရွာသားတွေက ရောက်လေရာတိုင်းမှာ လူသိများ ကျော်ကြားကြတယ်။

နောက်ရွာသားတစ်ယောက် အကြောင်းလေးလည်း အကြောင်းသင့်တုန်း ကြွားလိုက်ရဦးမယ်...။
ဒီလို... ဒီလို...။ သူလည်းပဲ တက္ကသိုလ်ကျောင်းတော်ကြီးကနေ စာမေးပွဲဖြေပြီးလို့ မွေးရပ်ဇာတိကို ကျောင်းသားကတ်ပြပြီး အတွင်းဈေးနဲ့ဝယ်ထားတဲ့ ရန်ကုန်-မန္တလေး ရထားလက်မှတ်လေးနဲ့ ညရထားစီးပြီး အပေါင်းအသင်းတစ်ချို့နဲ့အတူ ပြန်တော်ပြန်လာခဲ့ပါတယ်။ တစ်ညလုံး ဟိုလှိမ့် ဒီလှိမ့်နဲ့ Jogging အပြေး ကျင့်နေရသလို ရထားစီးလာခဲ့ရပါတယ်။ သိတယ်မို့လား... ရထားစီးခရီးသည်တိုင်း ကြုံတွေ့နေကျ .. မြို့တစ်မြို့ ဖြတ်လိုက်ပြီဟေ့ ဆိုရင် ခုန်ပျံကျော်လွှား ပျံကျအရောင်းသမားလေးတွေ ရထားပေါ်ကို တရုတ်သိုင်းကားများလိုပဲ ကိုယ်ဖေါ့ပညာစွမ်းတွေနဲ့ တဖွဲဖွဲ ရောက်လာကြတာလေ... ။ အဲဒီမှာ တစ်ယောက်က လက်တစ်ဖက် တစ်ချက်ဆီမှာ ဆေးလိပ်ဗူးလေးကိုင်ရင်း 'ဒူးယားလား... ခပေါင်းလား... ဒူးယားလား... ခပေါင်း...' ဆိုပြီး အခေါက်ခေါက် အခါခါဖြတ်လျှောက်ပြီး လိုက်အော်နေပါတယ်။ တစ်ခါလည်းမဟုတ်... နှစ်ခါလည်းမဟုတ် ... အိပ်ရေးပျက်ရတဲ့အထဲ ကိုယ့်ဘေးနား လာလာပြီး အော်အော်နေတော့ ပုဂ္ဂိုလ်လေးလည်း ဒေါခီးပြီပေါ့... 'ဟေ့ ချာတိတ်.. လာဦး' ဆိုတော့.. ဟိုက ၀မ်းသာအားရ အပြေးတစ်ပိုင်း ရောက်ချလာတာပေါ့ ... 'ဘယ်ဟာလဲ အစ်ကို' ပေါ့... ပုဂ္ဂိုလ်က 'မင်းလက်နှစ်ဖက်လုံး ပြစမ်း' ဆိုပြီး သေသေချာချာကို တစ်ခုစီလက်ညှိုးထိုးပြီး 'ဒီဟာက ဒူးယား... ဒီဥစ္စာက ခပေါင်း ... လူကိုများ ဘာမှတ်နေသလဲ... RC 2 မှာ ကျောင်းတက်လာတဲ့ ရန်ကုန်ပြန်ကွ.. မသိဘူးများ မှတ်နေလား... တော်တော်စော်ကားတယ်' ဆိုပဲဗျ... ။ ဒူးယားနဲ့ ခပေါင်းကို တိတိကျကျပဲ အမျိုးအမည် ခွဲပေးလိုက်ပါတယ်။ ဆေးလိပ်ရောင်းတဲ့ကောင်လေးမှာတော့ မကြုံစဖူး၊ အကြုံထူးတဲ့ အဲဒီနေ့၊ အဲဒီအချိန်ကို အတိတ်ယူပြီး နှစ်လုံးထိုးလိုက်တာ စုထားသမျှ ကုန်ပါလေရောလား .... ။

သို့ကလို လက်ရှိအခြေအနေကို အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဆုံးဖြတ်ချက်တွေကို တစ်စက္ကန့်လေးမှ တွေဝေနှောင့်နှေးခြင်းမရှိ... လက်တွေ့ကျကျ တိကျစွာဆုံးဖြတ်နိုင်စွမ်းတဲ့ အနာဂတ်ရဲ့သားကောင်းများထဲမှ တမူထူးခြားပြီး ကမ္ဘာကျော်သွားသူ တစ်ဦးကတော့ ဇာတ်လိုက်ကျော်ကြီး 'ပေါင်ကြားပျော် BaBu' ဆိုသူပဲ ဖြစ်ပါတော့တယ်။

[ဆက်ပါဦးမယ်.....]

1 comment:

Unknown said...

Hi tahan pa,

I cant wait to read ...
...
[[၎င်းတို့၏ University Life အဖြစ်အပျက်များကို နောင်များမှ အချက်အလက် စုံလင်စွာဖြင့် စုဆောင်းဝေမျှပါမယ်... မျှော်...]

cheers,