Tuesday, September 2, 2008

ရပ်ကွက်ထဲမှာဗျာ (၁)

ဒီတစ်ပတ်လုံးလုံး မယ်မယ်ရရရယ်လို့ ဘာတစ်ခုမှလုပ်ဖြစ်တာမရှိပါဘူး။ မနက် ၈း၀၀ နာရီကျော်လောက်မှထ လဘက်ရည်ဆိုင်ထိုင်တော့လည်း ကိုယ့်လိုလူတွေမနည်းမနော တွေ့ရပြန်ရော။ နာရီဝက်၊ တစ်နာရီလောက် လဘက်ရည်ဆိုင်မှာ အချိန်ဖြုန်း၊ ပြီးတော့ တစ်ခါအသိမိတ်ဆွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့တွေ့ပြီး ပါသွားပြန်ရော။ ၁၁ နာရီ ၁၂ နာရီလောက်ကျတော့ မနက်စာထမင်းစား၊ အင်တာနက်လေး ဘာလေးဝင်ကလိ၊ ဟိုဆိုဒ်လေးထဲဝင် comment လေးဝင်ရေးလိုက်။ ဒီဆိုဒ်လေးထဲဝင် သူများအတင်းလေး ဖတ်လိုက်နဲ့ ကိုယ့် blog လေးကိုတောင် ပုံမှန် update မလုပ်နိုင်ဘူး။ နေ့ခင်းကျတော့လည်း မန်ယူခရေဇီ ဝေလေး လဘက်ရည်ဆိုင်ဖက် ခြေဦးလှည့်ဖြစ်ပြန်ရော။ အရည်မရ အဖတ်မရ Premier League ပွဲအကြောင်း၊ ပွဲဆူအောင်လုပ်တတ်တဲ့ ကိုစီ (စီရော်နယ်ဒို) ရဲ့အမြင်ကတ်စရာအမူအကျင့်လေးတွေအကြောင်း၊ တစ်နေ့ကပဲပြီးသွားတဲ့ အသံပေါင်းများစွာနဲ့ပြောစရာဖြစ်ခဲ့ရတဲ့ Chin Concert အကြောင်း၊ ကိုယ်နဲ့အဝေးကြီးက Ivanovic အကြောင်း မစားရ ၀ခမန်း ပြောဖြစ်ကြပြီး သကာလ ညနေလောက် ကျပြန်တော့လည်း Wrestling နပမ်းနှင့် Ultimate Fighting ဘက်ကို ရောက်သွားရပြန်တယ်။ ပြီးတော့ ညစာထမင်းစား၊ ဗိုက်လေးတော့ ဟိုဟိုဒီဒီ အစာကြေလမ်းတလားရပြန်ပြီ။ ၇း၀၀ နာရီလောက်ကျပြန်တော့ ကိုရီးယားဇာတ်လမ်းကို ဖယ်ပေးရင်း လဘက်ရည်ဆိုင်ဖက်ရောက်ရပြန်ရော။ လဘက်ရည်ဆိုင်ကဖွင့်တဲ့ ကျူနင်ဝဲနေတဲ့ ရန်ကုန်က ညီမလေးတွေရဲ့အသံလေးတွေ၊ ကတာလည်းမဟုတ်၊ ဆိုတာလည်းမဟုတ် ဟိုအော် ဒီအော် အသားလွတ် အူနေတဲ့ ပုဂိုလ်ကျော်လေးတွေကိုလည်း သည်းညည်းခံပြီး ပါရမီဖြည့်ပေးလိုက်ရပါသေးရဲ့။ ည ၉း၀၀ နာရီ ၁၀ နာရီလောက်ကျပြန်တော့ ကိုယ်မကြည့်ရသေးတဲ့ (တစ်ခွေ ၅၀၀ိ/-နဲ့ဝယ်ထားတဲ့) နိုင်ငံခြားဇာတ်ကားသစ်ကိုလည်း ကြည့်ချင်ရသေးနဲ့။ ဒီလိုပဲ တစ်ဝဲလည်လည်နဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် တစ်နေ့တော့ ပြီးသွားပြန်ပါလေရော။ ဒီတစ်ပတ်လုံးလုံး ပြောပါတယ်….

တစ်ခြားသူတွေကော…..
ကိုယ်တွေ့ရသလောက် ၈ တန်း ၉ တန်းလောက်ကနေ ဘယ်ဘော်ဒါဆောင်နေရမလဲ ဆိုတာနဲ့ကို စနေရပြီ။ ၁၀ တန်းနှစ်ရောက်ကျတော့ အကြောင်းပြချက်မျိုးစုံနဲ့ ဟိုအဆောင်ဈေးချိုနိုးနိုး၊ ဒီအဆောင်ချောင်နိုးနိုးနဲ့ ချီတုံချတုံဖြစ်ကြရပြန်ရော။ ဒီအဆောင်နေတော့ ဟိုအဆောင်ကပဲ ပိုချောင်သလိုလို၊ ဟိုအဆောင်နေတော့ ဒီအဆောင်က Guide တွေနဲ့ ပိုပြီး peace တော့မလိုလို (စည်းကမ်းနှင့် စာပိုင်းအားနည်းတဲ့သူတွေပြောပါတယ်)။ သူ့အချိန်နဲ့သူကျတော့ ဟုတ်တိပတ်တိ စာတွေကြည့်လို့။ ပါးစပ်ကတော့ တရစပ်ရွတ်သွားတာပဲ။ ခေါင်းစဉ်နှင့် spelling လွဲနေတာတွေကျတော့ သူတို့နဲ့မဆိုင်သလိုပဲ။ နည်းနည်းလေးကွယ်လိုက်တာနဲ့ ကွမ်းပေါင်းလေးစားလိုက်၊ Raja လေးငုံလိုက်နဲ့။ Outpass နေ့များကျရင် မိဘနှင့်အဆောင်နဲ့ရန်တိုက်ပေးလိုက်နဲ့ အလိုလိုနေရင်း သင်မပေးရဘဲ ပညာတွေတတ်ကုန်ကြပြီ။ ဒီလိုနဲ့ စာမေးပွဲကြီးဖြေကြရော။ အောင်တဲ့သူကအောင်၊ ကျတဲ့သူကကျ။ (မတော်ပဲစွမ်းတဲ့သူများကတော့ အောက်လမ်းနည်းတွေနဲ့ပေါ့လေ။) အောင်သွားတဲ့သူတွေအတွက်တော့ ၀န်တော်တော်ပေါ့သွားတာပေါ့။ အောင်သွားပါပြီတဲ့.. ဘယ်လိုစခန်းဆက်သွားကြသလဲ… ။

၁၀ တန်းလည်းအောင်ရော computer လေးမှမတက်ရရင် speaking လေးမှမတက်ရရင်ဖြစ်ပြီး ဟိုစင်တာတက်ရနိုးနိုး၊ ဒီစင်တာမှာ တက်ရနိုးနိုးနဲ့ အခက်တွေ့ကြပြန်ပြီ။ Kenbo ဆိုင်ကယ်လေးတစ်စီးပူဆာပြီး သင်တန်းတွေ တက်ပြီးရင်းတက်။ ပြီးတယ်လို့ကိုမရှိတော့ပြန်ဘူး။ ဟိုတုန်းကလို ကောင်မလေးတွေ ကြူဖို့အချိန်တောင် မရှိချင်တော့ဘူး။ Pastor ပဲလုပ်ပြီး ဘုရားအမှုတော်ပဲထမ်းတော့မလိုလို၊ နိုင်ငံခြားထွက်ပြီး ဟိုဒင်းပြုပြီး US ဘက်ပဲဒိုးရတော့မလိုလို။ ဒီမှာ နေရာသိပ်မရတော့ ဟိုဘက်ကူးပြီး ဟိုကနေ ပါဆယ်ပဲ ပို့ခိုင်းရတော့မလိုလို။ မိန်းကလေးများကျပြန်တော့ ကျောင်းတော်ကြီးပဲဆက်တက်ရမလိုလို။ ပါဆယ်အခေါ်ပဲမျှော်နေရတော့မလိုလို။ တစ်ချို့ကျပြန်တော့ နောက်ဆုံး အကြံကုန်ဂိတ်ဆုံး B.Re လေးတက်ရင်း ဘ၀တူတွေစုရပ်မှာပဲ ကိုယ့်ဘ၀ကိုယ် ပျော်အောင်ဖန်တီးရတော့မလိုလို။ ရေရာတဲ့လမ်းကြောင်းတွေပျောက်ဆုံးရင်း အဆင်ပြေရာလမ်းလေးတွေမှာပဲ လျှောက်လှမ်းနေရပါတယ်။ ကံကောင်းတဲ့သူတွေကျပြန်တော့ သူများအိတ်ကပ်နဲ့အသက်ရှူပြီး နာမည်ကောင်းယူနိုင်ကြပါရဲ့။ မဟာကံထူးရှင်များကို ဆိုပါတယ်။ သူ့ဟာနဲ့သူတော့ အဆင်ပြေသွားကြတာပါပဲ။ ရပ်ကွက်ထဲမှာတော့ ဒီလိုပဲရှိပါတယ်။

(ဆက်ပါဦးမယ်)

1 comment:

Anonymous said...

ဆီပုံး မရှိလိုကော်မန့် မှာပဲ အော်ခဲ့ တယ်။ကိုယ်မြို့ ကအကြောင်းလေးတွေဖတ်ရလိုဝမ်းသာပါတယ်။အားပေးနေမယ်။